လီဗန်တေး vs ဘီဘာအိုလ် ပွဲကြိုသုံးသပ်ချက်

လီဗန်တေး vs ဘီဘာအိုလ် ပွဲကြိုသုံးသပ်ချက်

December 3, 2018 0 Preview

တနင်္လာနေ့ ယနေ့ည ၂ နာရီ ၃၀ မိနစ်မှာ ကစားမယ့် လီဗန်တေး အသင်းနဲ့ ဘီဘာအိုလ် အသင်းတို့ လာလီဂါ ပွဲစဉ် အကြောင်းကို တင်ပြပေးသွားပါမယ်။

လီဗန်တေး

လီဗန်တေး အသင်းကတော့ ဒီရာသီ အဝေးကွင်းမှာ ရီးရဲလ်မက်ဒရစ်၊ ဘက်တစ်တို့လို အသင်းတွေကို အနိုင်ရ ထားခဲ့ပြီး ခြေစွမ်းပိုင်းကလည်း အားရစရာ အနေအထားမှာ ရှိနေပါတယ်။

ဒါပေမယ့်လည်း ငြိမ်သက်မှု မရှိတဲ့ အသင်းရဲ့ ရလဒ်တွေက တက်ကျမြန်လွန်းနေပြီး လီဗန်တေး အသင်းကို အခက်တွေ့စေတာပါ။

နောက်ဆုံး ကစားထားခဲ့တဲ့ ပွဲစဉ်မှာ လီဗန်တေး အသင်းဟာ တန်းတက် ဟူဆကာ အသင်းကို တစ်ဖက် ၂ ဂိုးစီ သရေကျ ထားခဲ့ပြီး ယင်းပွဲစဉ်မတိုင်မီ ဆိုစီဒက် အသင်းနဲ့ အိမ်ကွင်း ပွဲစဉ်မှာတော့ ၃ ဂိုး ၁ ဂိုးဖြင့် ရှုံးထားခဲ့ပါတယ်။

လီဗန်တေး အသင်းဟာ လက်ရှိ အမှတ်ပေးဇယား အဆင့် ၁၁ နေရာမှာ ရပ်တည်နေပြီး ယနေ့ညမှာတော့ ဘီဘာအိုလ် အသင်းနဲ့ အိမ်ကွင်းမှာ ကစားရမှာ ဖြစ်ပါတယ်။

ဘီဘာအိုလ်

တန်းဆင်းဇုန် အတွင်း ရောက်နေတဲ့ ဘီဘာအိုလ် အသင်း ရလဒ်ဆိုးတွေကို ချေဖျက်ဖို့ အချိန်တန်နေပါပြီ။

နောက်ဆုံး ကစားထားခဲ့တဲ့ စပိန်ဘုရင့်ဖလား ပွဲစဉ်မှာတော့ ဘီဘာအိုလ် အသင်းဟာ အိမ်ကွင်းမှာ ဟူဆကာ အသင်းကို ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ရထားခဲ့ပါတယ်။

လာလီဂါမှာတော့ နောက်ဆုံး ကစားထားခဲ့တဲ့ အိမ်ကွင်း ပွဲစဉ် မှာ ဂီတာဖေး အသင်းကို အိမ်ကွင်းမှာ တစ်ဖက် တစ်ဂိုးစီ သရေကျထားခဲ့ပါတယ်။

လာမယ့်နှစ် ဖေဖော်ဝါရီလ မှာ အသက် ၃၈ နှစ်ပြည့်တော့မယ့် ၀ါရင့် တိုက်စစ်မှူး အဒူရစ် ဒီရာသီမှာ ဘီဘာအိုလ် အသင်း အတွက် တစ်ဂိုး မှ မသွင်းသေးတာကလည်း တိုက်စစ်ပိုင်းကို ရုန်းကန်ရစေပါတယ်။

ရာသီအစကနေ လက်ရှိ အချိန်အထိ တစ်ပွဲသာ အနိုင်ရထားခဲ့တဲ့ ဘီဘာအိုလ် အသင်း အနေနဲ့ လာမယ့် ပွဲစဉ်တွေမှာတော့ ရလဒ်ပိုင်း ကောင်းမွန်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။

ကိုးကားချက်များနဲ့ ရွေးချယ်မှု

ဘီဘာအိုလ် အသင်းဟာ လီဗန်တေး အသင်းနဲ့ နောက်ဆုံး ၆ ကြိမ်မှာ ၄ ကြိမ် အထိ အနိုင်ရထားပြီး တစ်ကြိမ် ရှုံးထားပါတယ်။

ပြီးခဲ့တဲ့ ရာသီ တွေ့ဆုံမှုမှာတော့ လီဗန်တေး အသင်းနဲ့ ဘီဘာအိုလ် အသင်းတို့ အဝေးကွင်း နိုင်ပွဲကိုယ်စီ ရရှိခဲ့ ကြပြီး အပြန်အလှန် ဂိုးတွေလည်း သွင်းယူထားခဲ့ပါတယ်။

ဒီရာသီ လာလီဂါမှာ ၁၁ မှတ်သာ ရရှိထားခဲ့တဲ့ ဘီဘာအိုလ် အသင်း အနေနဲ့ ဒီညမှာသာ လီဗန်တေးကို မနိုင်ရင်တော့ လာလီဂါမှာ အရှည်ကြာဆုံး နိုင်ပွဲပျောက် စံချိန်ကို ရရှိစေတော့မှာ ဖြစ်ပါတယ်။

လီဗန်တေး အသင်းနဲ့ နောက်ဆုံး ၁၂ ပွဲမှာ ၁၀ ဂိုး အထိ သွင်းထားခဲ့တဲ့ ဘီဘာအိုလ် တိုက်စစ်မှူး အဒူရစ်ဟာ နောက်ဆုံး လာလီဂါ ၁၀ ပွဲစလုံး ဂိုးပေါက်ပျောက်နေပြီး ၂၀၁၃ ခုနှစ် အောက်တိုဘာ နောက်ပိုင်း အဆိုးဆုံး ဖြစ်နေပါတယ်။

ဒီည အတွက်တော့ လီဗန်တေး ဂိုးပေါ်ကို ရွေးချယ်ထားပါတယ်။